ပေါင်းတည်၌ မတ်ပဲစိုက်ပျိုးမှုလျာထားချက်ထက်ကျော်လွန်ကာ စိုက်ပျိုးဖြစ်ထွန်း

ပေါင်းတည် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထိ မတ်ပဲ ၄၂၀၇၈ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။

ယခုနှစ် မြို့နယ်အတွင်း၌ မတ်ပဲ ၄၀၂၀၁ ဧက စိုက်ပျိုးရန် လျာထားခဲ့ကြကြောင်းသိရပြီး တောင်သူများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ စိုက်စွမ်းအားမြှင့်၍ မတ်ပဲပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြရာ ယခုအချိန်တွင် လျာထားချက်ထက်ကျော်လွန်၍ ၄၂၀၇၈ ဧက စိုက်ပျိုးနိုင်ခဲ့​ပြီဖြစ်ကြောင်းနှင့် မတ်ပဲစိုက်တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများမှ ပဲအထွက်နှုန်းကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပြီး မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် မြို့နယ်အတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသော အဆိုပါမတ်ပဲစိုက်ပျိုးခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)