တောင်ငူ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို တောင်ငူမြို့၊ မိုင်ဒါကွင်းရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ယမန်နေ့နံနက် (၄:၂၀)နာရီ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အလံတင်ခရာမှုတ်၍ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အလေးပြုသည်။
ဆက်လက်၍သဝဏ်လွှာဖတ်ကြားပွဲကို ခရိုင်အားကစားကွင်း၌နံနက်(၇)နာရီအချိန်တွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီးပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ သစ်သီးဝလံ၊ ပန်းမန်၊ ဥယျာဥ်ခြံသီးနှံပြိုင်ပွဲနှင့် ပြခန်းပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)