ကျုံပျော် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ၊ ကျုံပျော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျန်းမာရေး ပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျုံပျော်မြို့ နယ် ၊ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်မိုး၊ ခရိုင်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ လက္ခဏာများနှင့် တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း ၊ တီဘီရောဂါဖြစ်ပွား စေတတ်သော အကြောင်းအရာများအားကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျုံပျော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၅၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၃)ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ တီဘီရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် တီဘီရောဂါ စောစီးစွာ ရှာဖွေဖော်ထုတ် ကုသနိုင်ရန်ရည်ရွယ်၍ (၂၆-၁၂-၂၀၂၄)မှ စတင်ကာ (၁၈-၁-၂၀၂၅) ထိ ကျန်းမာရေး၊ပညာရေးဝန်ထမ်းများက ကွင်းဆင်းရှာဖွေစစ်ဆေးကုသခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)