အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်

အိမ်မဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံ၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားနှင့် မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)၌ အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများ၊ လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပွဲများ ထည့်သွင်းကျင်းပနိုင်ရေး အစီအမံများကို ကော်မတီအဖွဲ့ဝင်များခွဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ၏ ကော်မတီဝင်များက ဆောင်ရွက်မည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွတ်ဆွေးနွေးခဲ့သည်။

အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံ၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ အားကစားပြိုင်ပွဲများ ဖြစ်သော ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ မီတာ(၁၀၀)၊ ဂုန်နီအိတ်စွတ်၊ ပူပေါင်းဖောက်နှင့် အာလူးကောက်ပြိုင်ပွဲများကို မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)