တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့မဈေး RCC (၂)ထပ် ဈေးရုံသစ်ဖွင့်ပွဲ ကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသစ်ဆောက်လုပ်ပြီးစီးသွားသော မြို့မဈေး RCC (၂)ထပ် ဈေးရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မဈေးမုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့မဈေး အာစီ(၂)ထပ် ဈေးရုံသစ်ဖွင့်ပွဲအခမ်းအနားအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း တက်ရောက်အားပေးချီးမြှင့်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြို့မိမြို့ဖ ဦးစိုင်းဆန်စိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းတို့နှင့်အတူ  RCC (၂) ထပ် ဈေးရုံသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းက မြို့မဈေးရုံသစ်တည်ဆောက်ပြီးစီးခဲ့မှုနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြကာ ဈေးသူ၊ ဈေးသားများကိုယ်စား မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဈေးရုံသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)