ကျွန်းစု ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးက ကလေးပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က ကလေးငယ်များအား ကျန်းမာရေးနဲ့ညီညွှတ်မျှတတဲ့ နို့နဲ့အစားအစာများကို အာဟာရပြည့်ဝအောင် ကျွေးမွေးပြုစုစောင့်ရှောက်တတ်စေရန်၊ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကို သိရှိဆောင်ရွက်တတ်စေရန်၊ ဖျားနာမှုကင်းဝေးပြီး ကာကွယ်ဆေးများကို စနစ်တကျဂရုစိုက် ထိုးနှံပေးရန်၊ ကျန်းမာဝဖြိုးပြီး သန်စွမ်းတဲ့ကလေးလေးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကလေးပြိုင်ပွဲအား စတင်ခဲ့သည်။
ပြိုင်ပွဲတွင် မွေးစ မှ အသက် (၆) လအရွယ်၊ အသက် (၆) လမှ (၁) နှစ် အရွယ်၊ အသက် (၁) နှစ် မှ (၁နှစ်)ခွဲအရွယ် စုစုပေါင်း(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကလေးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးမှုဖြစ်သော ကိုယ်အလေးအချိန်၊ အရပ်အမြင့်များကိုတိုင်းတာ၍ ကိုယ်အလေးအချိန်ကတ်ပြားရရှိမှုရှိ/မရှိ စစ်ဆေးခြင်းကို လည်းကောင်း၊ (ဆံပင်၊ မျက်စိ၊ နား၊ နှာခေါင်း၊ သွား၊ လျှာ၊ အရေပြား၊ လက်သည်း၊ ခြေသည်း) ကျန်းမာသန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ နှာစေးချောင်းဆိုး၊ သံကောင်ရောဂါ၊ အရေပြားဝဲယားနာ၊ ကင်းရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ အသက်အလိုက် သတ်မှတ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားမှု ရှိ/ မရှိ တို့ကို စစ်ဆေးအမှတ်ပေးခဲ့ကြပြီး အသက်အရွယ်အလိုက် ဆုရရှိသော ကလေးများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု မေတ္တာလက်ဆောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သည့်ကလေးငယ်များအား နှစ်သိမ့်ဆု အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)