ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ

ဒလ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယ‌နေ့နံနက်(၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာ၀င်းက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတရစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အကောင်းဆုံး ယှဥ်ပြိုင်နိုင်သူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)