အင်းစိန်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းစေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေး၊ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကိုဟောပြောပြီးနောက် အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆို၊ ပုံပြော၊ စာစီစာကုံး၊ ကျပန်းနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကို အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး တက်ရောက်လာကြသူများအား အအေးနှင့်မုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)