မော်လမြိုင် ဇန်နဝါရီ ၂
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူညီမှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီးနောက် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာမှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခြေခံစားသောက်ကုန်များ ပေးအပ်နိုင်သည့်အတွက် စိတ်ကြည်နူးပီတိဖြစ်ရကြောင်း၊ ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျစိုက်ထုတ်ရမှု လျော့နည်းစေပြီး လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပြည်နယ်ကုသရေးဦးစီးဌာ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအပါအဝင် ခရိုင်/ မြို့နယ်များမှာရှိသည့် ပြည်သူ့ဆေးရုံများတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထိ လာရောက်ပြသသူဦးရေ အသစ်(၅၂၄)ဦး၊ အဟောင်း(၃၂၉)ဦး၊ စုစုပေါင်း(၈၅၃)ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်း၊ ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်နှင့် ကြက်ဥများပေးအပ်ခဲ့ရာ ယခုဆိုလျှင် (၁၂) ကြိမ်ရှိခဲ့ပြီး ပင်စင်စား(၃၀၀)ဦးအား တစ်ဦးလျှင် ဆန်(၁)ပြည်နှင့် ကြက်ဥ(၁၀)လုံး၊ တန်ဖိုးငွေအားဖြင့် ငွေကျပ် (၂၇) သိန်းနီးပါးပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေး၊ ကုသပေးနေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)