သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာ​ဌေးက ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြပုံများ၊ လွတ်လပ်ရေးကို အစဥ်ထိန်းသိမ်းရန် လိုအပ်ပုံများ၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ကလေးများအချင်းချင်း အတူတကွပူးပေါင်းပါဝင်လုပ်ဆောင်တတ်စေရန် မြန်မာစကားပုံကို ချစ်မြတ်နိုးတက်စေရန် စာဖတ်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စကားပုံဆက်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုလက်​ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

သဲကုန်း​မြို့နယ် ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးတက်ရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ မြင့်မားလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)