သဲကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

သဲကုန်း ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာတွင် ယမန်နေ့က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သဲကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာအုပ်စု၊ ကျောင်းစုရပ်ကွက်၊ ဘောလုံးကွင်းလမ်းနေ ဦးမြင့်ရွှေနေထိုင်သည့် နေအိမ်အနောက်ဘက် မီးဖိုချောင်ရှိ ထင်းမီးဖိုတွင် ထမင်းချက်ပြီးနောက် ထင်းစအားပြာပုံ၌ မီးငြှိမ်းသတ်ထားခဲ့ရာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုချောင်ထရံအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားပြီး မီးလောင်မှုကြောင့် ဦးမြင့်ရွှေ ပိုင်ဆိုင်သည့် သွပ်မိုး၊ ထရံကာ၊ (၂)ပင်အိမ် (၁)လုံး  မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဝက်ပုတ်မီးသတ်စခန်းနှင့် အင်းမမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၉:၃၅)နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)