မြိတ် ဇန်နဝါရီ ၂
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဓာတုဗေဒအသင်းနှင့် သင်္ချာအသင်းတို့ကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒဿနိကအသင်းနှင့် ဓာတုဗေဒအသင်းတို့ကလည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အမျိုးသမီး ဗိုလ်လုပွဲတွင် ဓာတုဗေဒအသင်းက (၃)ပွဲ(၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဗိုလ်လုပွဲတွင် ဓာတုဗေဒအသင်းက (၃)ပွဲ(၂)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲအပြီး၌ ဆုချီးမြှင့်ပွဲဆက်လက် ကျင်းပရာ ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်များနှင့် ပြိုင်ပွဲများတွင် တတိယ၊ ဒုတိယနှင့် ပထမဆု ရရှိကြသော အားကစားသမားအား လည်ဆွဲဆုနှင့်ငွေသားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပထမဆုရရှိသော အမျိုးသမီးအသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမိုးလွင်ကလည်းကောင်း၊ ပထမဆုရရှိကြသော အမျိုးသားအသင်းအား ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်ကလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ အမျိုးသားပြိုင်ပွဲဝင်အသင်း(၉)သင်းနှင့် အမျိုးသမီး ပြိုင်ပွဲဝင်အသင်း(၆)သင်း ပြိုင်ပွဲဝင်အားကစားသမား (၁၅၀) ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၂၇)ရက်မှ ဇန်နဝါရီ(၁)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)