တောင်ငူ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ၂၀၂၅ ခုနှစ်၊ နှစ်ဦးမင်္ဂလာ (တတိယအကြိမ်) အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဘုရားကိုးဆူအာရုံခံ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇအောင်မြင်ဇေယျုံစာသင်တိုက်ဆရာတော်ဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် အောင်မြင်ဇေယျုံစာသင်တိုက်မှ ဆရာတော် ဦးကုဿရိယက နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး ရွှေစံသာကျောင်းဆရာတော် ဦးစန္ဒောဘာသက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းဂါထာကိုဖတ်ကြားသည်။ ဆက်လက်၍ သံဃာတော်အရှင်မြတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျ အရှင်မြတ်က ဆက်လက်ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)