ကျိုက်လတ် ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက ကျိုက်လတ်-မအူပင်ကားလမ်းဘေးရှိ Zaw Energy စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မိုးဦးက မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မိုးဦးနှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ Zaw Energy စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်