ဂန့်ဂေါ ဒီဇင်ဘာ ၃၀
ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် ရန်အောင်မြင်စေတီတော်မြတ်ကြီးနှင့် ဒေဝမုနိစေတီတော်မြတ်များ၏ ပရဝုဏ်အဝင်၌ ခြင်္သေ့ကြီး(၂)စီးကို နိုဝင်ဘာ(၂၃)ရက်က စတင်ပြုလုပ်ခဲ့ရာ ပြီးစီးပြီးဖြစ်သဖြင့် ယမန်နေ့ နံနက်(၈)နာရီတွင် ဘုရားကြီးမြောက်ကျောင်းတိုက်၌ စုပေါင်းရေစက်သွန်းချလှူဒါန်းပွဲ ပြုလုပ်သည်။
လှူဒါန်းရာတွင် ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကြပြီး ပင့်ဖိတ်ကြွလာသံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ စိုင်ဒူးရွာအောင်မင်္လာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ တရားတော်ကိုနာယူကြသည်။
အဆိုပါ ခြင်္သေ့(၂)စီး ပြုလုပ်နိုင်ရန် ဘုရားမြောက်ကျောင်းမှ အရှင်ပုညာနန္ဒက ဦးဆောင်၍ ဒါယကာ၊ ဒါယိကာမများ ထည့်ဝင်လှူဒါန်းကြသည့် ငွေကျပ်သိန်း (၁၂၀) ကျော်တန်ဖိုးကို ရေစက်သွန်းချ အမျှပေးဝေကြသည်။
ရန်အောင်မြင်စေတီနှင့် ဒေဝမုနိစေတီတို့ကို ၁၂၇၀ ခုနှစ်က မြို့ခင်းသာ(ခေါ်)မြောက်ကုန်းရွာတည်၍ ကမ္ဘာသူကမ္ဘာသားတို့ ပစ္စုပ္ပန်သံသရာချမ်းသာပါစေခြင်းအလို့ငှာ တည်ထားကိုးကွယ်တော်မူခဲ့ကြောင်းနှင့် ဘဒ္ဒန္ဒသုဒဿန၊ ဘဒ္ဒန္ဒဝိမလာစာရ၊ အမြင့်ဘုန်းတော်ကြီး၊ ဘုန်းတော်ကြီး ဦးမဲခိုင်၊ ဘဒ္ဒန္ဒအာစာရ၊ ဘဒ္ဒန္ဒဝေပုလ္လ စသည့် ဆရာတော်အဆက်ဆက်တို့နှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ထိန်းသိမ်းစောင့်ရှောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)