လက်ပံတန်း၌ နွေစပါးစံပြကွက်စိုက် တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဂရံစံပြကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မိမိတို့မြို့နယ် စိုက်ပျိုးကြီးကြပ်မှုကော်မတီအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တက်ရောက်လာကြသည့် တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အကောင်အထည်ဖော်စိုက်ပျိုးရာတွင် နွေစပါးစံပြစိုက်ကွက် ဧက ၂၀ဝ စိုက်ပျိုးရန်လျာထားပြီး မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရန်၊ စိုက်ချိန်နောက်မကျစေရန်၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများ ထည့်သွင်းအသုံးပြုရန်လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများက မြေပဲစိုက်ပျိုးရာတွင် အထွက်ကောင်း ဗီယက်နမ်မြေပဲမျိုးအားလည်း​ကောင်း၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအတွက် TBL-9၊ ရေဆင်းအထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန်နှင့် သီးနှံအလိုက် စိုက်နည်းစနစ်များကို အသိပညာပေး ဆွေးနွေးကြပြီး တက်ရောက်လာသည့် တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)