မင်းဘူးခရိုင်၌ ယခုဘဏ္ဍာနှစ်တွင် ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်ပေါင်း ၆ တိုက်ကို အသစ်တိုးချဲ့ ဆောက်လုပ်ပေးနိုင်ခဲ့

မင်းဘူး ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မတည်ငွေများဖြင့် ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်ပေါင်း ၆ တိုက်ကို အသစ်တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ပြီး စာကြည့်တိုက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောက်လုပ်ရာတွင် မြန်မာနိုင်ငံစာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်ငွေများဖြင့် စာကြည့်တိုက်အသစ် တိုးချဲ့ဆောက်လုပ်နိုင်ရန်အတွက် စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် မတည်ပြီး ဒေသခံများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာကြည့်တိုက် ၄ တိုက်နှင့် ပွင့်ဖြူမြို့နယ်၌ စာကြည့်တိုက် ၂ တိုက် စုစုပေါင်းစာကြည့်တိုက် ၆ တိုက်ကို ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း၌ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ရပ်ကွက်၊ကျေးရွာစာကြည့်တိုက်များကို အကျိုးရှိရှိ လက်တွေ့အသုံးချပြီး ဗလငါးတန်နှင့်ပြည့်စုံသော ယနေ့ခေတ် အနာဂါတ်လူတော် လူကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များကို အသစ်တို့ချဲ့ပြီး ယခုလိုဆောက်လုပ်ပေးရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကိုလည်း မင်းဘူးမြို့နှင့် စကုမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုုးမောင်မောင်ကျော်က ပြောသည်။

ထို့အပြင် မင်းဘူးခရိုင်၌ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် မင်းဘူး(စကု)မြို့နယ်ရှိ စာကြည့်တိုက်နှစ်တိုက်၊ ပွင့်ဖြူမြို့နယ်ရှိ စာကြည့်တိုက်တစ်တိုက် စုစုပေါင်းစာကြည့်တိုက် သုံးတိုက်အတွက် စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ပရိဘောဂနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ဝယ်ယူဖြည့်တင်းပေးအပ်၍ စာကြည့်တိုက်လုပ်ငန်းများ ပြန်လည်ရှင်သန်လည်ပတ်နိုင်ရေး ယခုဘဏ္ဍာနှစ်တွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)