မော်လမြိုင် ဒီဇင်ဘာ ၃၀
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား မိသားစုဝင်များအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကပြဖျော်ဖြေပွဲတွင် အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အနုပညာရှင်စစ်သည်၊ စစ်သမီးများတို့မှ သီဆိုကပြမှု ဖျော်ဖြေရေး အစီအစဉ်များနှင့် တစ်ခန်းရပ်ဟာသပြဇာတ် အစီအစဉ်များစွာဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုတော်ငွေများနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၃)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို တက်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)