ပွင့်ဖြူ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၂၁၇၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၂၅၅၇ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ယခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ စားဖိုဆောင်သီးနှံစုံ ၂၁၇၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်အတွင်း ဒီနှစ်ဆောင်းရာသီမှာ စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် စားဖိုဆောင်သီးနှံစုံ ၂၅၅၇ ဧက လျာထားစိုက်ပျိုးမှာဖြစ်ပြီး ဒီနေ့အထိ စားဖို ဆောင်သီးနှံစုံ ၂၁၇၈ ဧက စိုက်ပျိုး ပြီးစီးပြီ ဖြစ်ပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ထွက်ရှိလာတဲ့ သီးနှံများကိုလည်း အစားအစာ ဘေးကင်းလုံခြုံအောင် ၊ အထွက်နှုန်း ကောင်းမွန်အောင် တောင်သူတွေကို GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးကြဖို့၊ သဘာဝမြေဩဇာ၊ သဘာဝဆေးတွေ ထုတ်လုပ်သုံးစွဲကြဖို့ စိုက်ပျိုးရေးပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားဖိုဆောင်သီးနှံစုံများ စိုက်ပျိုးခြင်းကို လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့ထိစိုက်ပျိုးပြီးစီးသည့် စားဖိုဆောင်သီးနှံများမှာ ငရုပ်ခြောက် ၉၉၂ ဧက၊ ကြက်သွန်နီ ၁၁၄၈ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧက၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၂၁၇၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)