သထုံမြို့နယ်၌ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပ

သထုံ ဒီဇင်ဘာ ၂၈

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် စိန်ရတု (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကာ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ နတ်စင်လမ်းရှိ ရန်အောင်မြင်ကျောင်းတိုက်၊ လမ္မတော်ကျောင်းတိုင်လုံးကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

စာမေးပွဲဖြေဆိုရာတွင် ရှေးဦးစွာ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလက စာဖြေသူများအား ဩဝါဒစကား မြွက်ကြားပြီး စာမေးပွဲကျင်းပရေးတာဝန်ခံ ဦးထွန်းဟိန်းက ဖြေဆိုကြရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဖြေဆိုသူတို့က (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ (အငယ်တန်း) အဆင့်ကို ဖြေဆိုကြရာ စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် ကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်‌ပေးခဲ့ကြသည်။

အဆိုပါ စာမေးပွဲတွင် သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ အခြေခံပညာကျောင်းများမှ သာမဏေ၊ သီလရှင်နှင့် ကျောင်းသား ကျောင်းသူ စုစုစုပေါင်း ၁၉၅ ဦးတို့ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)