ငွေဆောင် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအား အခမ်းအနားအစီအစဥ်(၇)ရပ်ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အလယ်တန်းပြဆရာမ ဒေါ်ခင်နွဲ့မှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ ငွေဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းမှ လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ၏ကဏ္ဍကို မြှင့်တင်ပေးရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော အသိပညာတိုးပွားသော လူငယ်များဖြစ်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည် မြင့်မား လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးတတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆိုဆွေးနွေးတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် လူငယ်စကားဝိုင်း အခမ်းအနားကို စတင်ကျင်းပခဲ့ရာ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းမှ ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-9 ကျောင်းသူ မဆောင်းချယ်ရီမှ လူငယ်နှင့်အင်တာနက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မမြတ်နိုးဦးမှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ဇွဲရဲမှ လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ညီမင်းစံမှ လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ၎င်းတို့၏ မေးမြန်းချက်များကို ဆွေးနွေးသူ ကျောင်းသား/သူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုကတ်ပြားများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
R – 014( ငွေဆောင်)