ပေါင်းတည် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်အနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအေးကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်း၊ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက် အားပေးကြသည်။
အခမ်းအနား၌ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့က သင်တန်းဆင်း သြဝါဒအမှာစကားများပြောကြားကာ ထူးချွန်သင်တန်းသားများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကာ သင်တန်း ဆင်းအခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်၊ မူးမေ့သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးအဆစ်လွဲ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာရှေးဦးပြုစုခြင်း၊ လူနာကိုင်တွယ်သယ်ဆောင်ခြင်းများနှင့် အခြေခံ အသက်ကယ်အထောက်အကူပြုနည်းများကို စာတွေ့လက်တွေ့ ၃ ရက်တာသင်ကြားပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ သင်တန်းသား၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)