ကြံခင်း ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်း (ပရံစု)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ကွင်းပြင်၌ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် အ.မ.က(ပရံစု)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်သမီးငယ်များအား လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စာသုံးရန်မသင့်သည့် အစားအသောက်များ၊ ရက်လွန်အစားအစာများ စားသုံးမိပါက ဘေးထွက်ဆိုးကျိုးများအား အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)