ကဝ ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကဝ)တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကျင်းပရာတွင် မူလတန်းမှ အထက်တန်းထိ အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူလေးများက မီတာ(၁၀၀)အပြေး၊ အာလူးကောက်၊ အိတ်စွပ်၊ စကောရွက်၊ ဘော်လုံး၊ ဘော်လီဘော၊ ခြင်းလုံး စသည့်အားကစားနည်းမျိုးစုံတို့အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားဝါသနာပါလာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်၍ ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်အတွက် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)