မော်လမြိုင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က သင်တန်းသား၊ သင်တန်းသူ မောင်မယ်များအနေဖြင့် မိမိတို့ရဲ့ သူနာပြုစုစောင့်ရှောက်မှုအရည်အသွေးတွေ တိုးတက်မြင့်မားလာအောင်ကြိုးစားရင်း ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးပြည့်ဝစွာပေးနိုင်ရန်၊ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ အရည်အချင်းပြည့်ပြည့် အဆင့်အတန်းရှိရှိ ဝန်ဆောင်မှုများပေးကြရန် သူနာပြုသားဖွားများရဲ့ ကျင့်ဝတ်၊ သိက္ခာတို့ကို လေးစားလိုက်နာ၍ မေတ္တာစိတ်အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သူနာပြုသားဖွားသင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ သူနာပြုနှင့် သားဖွားသင်တန်းသူ၊ သင်တန်းသားများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး သူနာပြုကျောင်းအုပ်က သူနာပြုသင်တန်းကျောင်း အပတ်စဉ် ၄၆ သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား (၉၈)ဦးအား အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)