ပွင့်ဖြူမြို့နယ်၌ ရေသွင်းနှမ်း ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် GGG ကုမ္ပဏီပူးပေါင်းပြီး ရေသွင်းနှမ်း ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ တောင်သူ အကျိုးဆောင်အသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ အထွက်တိုးရေး ရေသွင်းနှမ်း ကန်ထရိုက်လယ်ယာစနစ် အကျိုးတူ ပူးပေါင်း၍ ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များ၊ သီးနှံများ စိုက်ပျိုးရာတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံသော သီးနှံများ ထွက်ရှိရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးခံစားခွင့်များကို ချပြရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရေသွင်းနှမ်း ကန်ထရိုက်လယ်ယာစနစ် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် GGGကုမ္ပဏီမှ တာဝန်ရှိသူများက သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်ရေးအပြင် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် သဘာဝစိုက်ပျိုးရေးသုံး သွင်းအားစုများကို ထည့်သွင်းအသုံးပြုရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူအကျိုးဆောင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဆီထွက်သီးနှံ အထွက်နှုန်း တိုးပွားရေး ရေသွင်းနှမ်း ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်‌ဖော် ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများ ဝယ်ယူနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )