ဘားအံ ဒီဇင်ဘာ ၂၇
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကဗဟုဇန ဟိတဓရဓမ္မကထိက၊ ဘဒ္ဒန္ဒကဝိဓဇအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဆန်၊ ဆီနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် (၂၇၆၄) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လုမ္ဗိနီဥယျာဉ်အဝင်မုဒ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမဇောတိကဗဟုဇန ဟိတဓရ ဓမ္မကထိက၊ ဘဒ္ဒန္ဒကဝိဓဇ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ်၊ လုမ္ဗိနီဉယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်သည် ဘုရား၊ စေတီ၊ ပုထိုးများ သဘာဝတောတောင်ရေမြေအလှတရားများ ရှုမဆုံးနိုင်သော စိမ်းလန်းသာယာလှပသည့်ရှုခင်းများ ပေါများပြီး ပြည်တွင်းပြည်ပမှ ဘုရားဖူးခရီးသွားဧည့်သည်များ အများဆုံး လာရောက် လည်ပတ်ကြသည့် ဒေသတစ်ခုဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်ပေါင်းစုံကောင်းမွန်ပြည့်စုံမှုရှိစေရန်လိုကြောင်း၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်းနှင့် ပြည်နယ်စီးပွားရေးကိုပါ အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တော်ပုံကျေးရွာအုပ်စု၊ လုမ္ဗိနီဥယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်းအား ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၅၃၅.၅)သန်းဖြင့် ချမ်းသာအေးချမ်းကုမ္ပဏီမှ လမ်းအရှည် (၄.၃) ဖာလုံအား ပေ (၂၀) အကျယ်လမ်းနှင့် (၂) လမ်းသွား (၁၆) ပေအကျယ်ကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယနေ့ဖွင့်လှစ်ခဲ့တဲ့ ကတ္တရာကွန်ကရစ်လမ်းသစ်ကြီးဟာ ကရင်ပြည်နယ်၏ အဓိကထင်ရှားလှသည့်အထိမ်း အမှတ်တစ်ခုဖြစ်သည့် ဇွဲကပင်တောင်တော်နှင့် သမိုင်းဝင်ဇွဲကပင်ဆံတော်ရှင်စေတီတော်မြတ်ကြီးသို့ လာရောက်လည်ပတ်ဖူးမြော်နိုင်သည့် အဓိကမုခ်ဦးအဝင်လမ်းတစ်လမ်းလည်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဘားအံကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ က အဆိုပါဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ရွေးချယ်ထားတဲ့ IT ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်လာအောင် မိမိရဲ့မျှော်မှန်းချက်တွေ အကောင်အထည်ဖော်အောင်မြင်ဖို့အတွက် IT ပညာရပ်များကို ကြိုးစားသင်ယူပြီး ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်း IT ပညာရှင်ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ တီထွင်ကြိုးစားမှုအပြည့်ဖြင့် တာဝန်ကျေပွန်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် အဖြစ်သာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံအားကောင်းသည့် လူငယ်များဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းတာဝန်တွေကို ထမ်းရွက်နိုင်ဖို့ ကြိုးစားကြစေလို ကြောင်း၊ ပညာသင်ယူတဲ့ ခရီးတစ်လျှောက်မှာ မိမိတို့မျှော်မှန်းတဲ့ IT ကျွမ်းကျင်ပညာရှင် (၁)ဦး အဖြစ် အောင်မြင်မှုများစွာ ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းသားကျောင်းသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဖွင့်သီချင်း၊ နန်းကိန္နရီ၊ ဥတုကညင်ကုလိက်ပတ်မန်၊ ကရင်ပြည်နယ်က ဖိတ်ခေါ်သည် စသည့်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဘားအံကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာသင်တန်း ပထမနှစ်ကိုသင်ကြားပေးနေပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၃၂)ဦးရှိပြီး တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်တန်းနှစ်အလိုက် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်အလိုက် ထူးချွန်ဆုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်၊ သုံးထပ်ဆောင်၊ စားရိပ်သာခန်းမ၌ အထူးနေ့လည်စာစားပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အထူးနေ့လည်စာအတွက် ငွေကျပ် ၁၁၁၆၀၀၀/- ဆယ့်တစ်သိန်းတစ်သောင်းခြောက်ထောင်ကျပ်ကို ပါမောက္ခချုပ်ထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ပျူတာတက္ကသိုလ်ရှိ အဆောင်နေကျောင်းသား/ ကျောင်းသူများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)