သာကေတ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းက မုဒိတာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး သင်ကြားပို့ချခဲ့ရာ အခမ်းအနားမှူးတစ်ဦး၏ တာဝန်နှင့်လုပ်ဆောင်ရမည့် အချက်များ၊ အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံပီသရှင်းလင်းရမည့်အချက်များ၊ မိုက်ကရိုဖုန်းအနေအထား၊ အခမ်းအနားမစတင်မီနှင့် ပြီးစီးချိန်တွင် ပြောဆိုရမည့်အချက်များ၊ အခမ်းအနားမှူးတစ်ယောက်ပြောရမည့် အဖြတ်အတောက်၊ လေယူလေသိမ်းနှင့် သတိပြုရမည့်အချက်များ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောရမည့် အချက်များစသည်တို့ကို နံနက်(၁၀:၀၀)နာရီမှ မွန်းလွဲ(၁:၀၀)နာရီအထိ သင်ကြားပို့ချခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက်ရောက်ကြပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)