ရန်ကုန် ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးစိန်က အမှာစကားပြောကြားပြီး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ ရန်မိုးအောင်(အင်းစိန်)၊ စိန်ညိုမင်း(ထန်းတပင်)နှင့် ဦးညွှန့်ဟန် (ရုပ်ရှင်)တို့က စာပေဗဟုသုတများကို အသိပညာပေးဟောပြောပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် တာဝန်ရှိသူများက သုတ၊ ရသ စာအုပ်များလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)