ရေနံချောင်း ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်တွင်းဆီစားသုံးမှု ဖူလုံပိုလျှံစေရန်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ လယ်ယာမြေနှင့် ကိုင်းမြေများတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရန် ၃၈၀၃ ဧက လျာထားခဲ့ရာ ၂၂၀၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံနေကြာကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးချိန်အပေါ်မူတည်၍ ဖေဖော်ဝါရီ၊ မတ်လများတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ရေဆင်း(၁) စပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ (၂)မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က နေကြာတစ်ဧကလျှင် နေကြာမျိုး ၃ ပြည်ခန့် ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ၁၃၊ ၁၄ တင်းထွက်ရှိကာ တစ်တင်းလျှင် ငါးသောင်းကျပ်မှ ခြောက်သောင်းကျပ်အထိ ရရှိခဲ့ကြောင်း၊ ဆောင်းသီးနှံနေကြာကို ဘူးကျွန်းကျေးရွာ၊ မာန်မြေကျေးရွာနှင့် ကျမ်းကိုင်ကျွန်းကျေးရွာများရှိ ကိုင်း၊ မြေနုကျွန်းများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးညှပ်အဖြစ်စိုက်ပျိုးကြသလို သီးသန့်စိုက်ခင်းအဖြစ်လည်း စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံသည် မိသားစု စားသုံးဆီဖူလုံသော သီးနှံဖြစ်သည့်အတွက် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းရေး စသည့် စိုက်ပျိုးရေးနည်းပညာများပေးကာ တောင်သူများနှင့် ပူးပေါင်းဆောင်းရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)