တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၆)ရပ်ကွက်၊ ကုန်းဘောင် (၁၄) လမ်း၊ ရည်ညွှန်းစာကြည့်တိုက်တွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ (၂၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာ(ဂီတ)ဘွဲ့ရနှင့် အမျိုးသားစာပေဆုရ ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့က ရတုပိုဒ်စုံ ရွတ်ဆိုပူဇော်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ သက်ကြီးစာပေပညာရှင်များအား ကန်တော့ငွေသားနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုနောက် ကန်တော့ခံဆရာတစ်ဦးက ဆုပေး ဆုံးမဩဝါဒများပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ဆရာဘိုးလှိုင်၊ ဥက္ကဋ္ဌမောင်မြကျော်နှင့် ဆရာမိုးမြင့်ဝင်းတို့က အမျိုးသားစာပေဆုနှင့် လူငယ်စာပေဆုရ ကပ္ပတိန်သာစိန်၊ အမျိုးသားစာပေဆုရ ဘာသာပြန် သုတမင်းအောင်မင်းနှင့် ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ(ဂီတ)ဘွဲ့နှင့် အမျိုးသားစာပေဆုရ ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့တို့အား ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ စာပေမြတ်နိုးသူအသင်း စာရေးဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သီတာအေး(ပြန်/ဆက်)