ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဟိုပုံးမြို့ရှိ နောင်တောင်းသီလရှင်ကျောင်းသို့ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဟိုပုံး ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က မြို့ဦးရပ်ကွက်ရှိ နောင်တောင်းသီလရှင်ကျောင်းသို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက နောင်တောင်းသီလရှင်ကျောင်းရှိ သီလရှင်များအား သွားရောက်ဖူးမြော်၍ ဆွမ်းဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာပစ္စည်းများ၊ တံမြက်စည်း၊ အမှိုက်ကော်၊ အမှိုက်ပုံးများနှင့် ဆွမ်း(၁)ရက်စာအတွက် အလှူငွေကျပ်(၅)သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲကျင်းပရာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုအဆင့်(၁) ဒေါ်ထားထားဆွေက တစ်ကိုယ်ရေသန့်ရှင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိ ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲကျင်းပရာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ လွယ်အွန့်ကျေးရွာရှိ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဆောင်ရွက်နေသည့် ဆယ်အိမ်စုမှူးများနှင့် ကျောင်းသူများအား အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာအေးမင်းသန့်မှ ကူးစက်မှုကြောင့်ဖြစ်တတ်သော အသည်းရောင်ရောဂါများအကြောင်း ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဆောင်ရွက်နေသည့် အမျိုးသမီးဆယ်အိမ်မှူးများအား ဝတ်စုံများနှင့် အိမ်သာအသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြပြီး အသက်(၉၂)အရွယ် သက်ကြီးဘိုးဘွားများအား သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)