စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

မြင်းခြံ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ရှိ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောဆွေးနွေးပွဲတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက “အပြည်ပြည်ဆိုင်ရာစားသုံးသူကာကွယ်ရေး စံသတ်မှတ်ချက်များ၊ ကမ္ဘာ့သမိုင်းတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်ပေါ်တိုးတက်လာမှုအခြေအနေများ၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ၊ စားသုံးသူရေးရာဦးစီးဌာန အင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန Facebook စာမျက်နှာများတွင် တိုင်ကြားခွင့်ရှိသည့်အခြေအနေများ၊ အရေးယူမှုနည်းလမ်းများ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများ” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးမှ ပြန်လည်ဆွေးနွေးခဲ့သည်။

ဟောပြောဆွေးနွေးပွဲသို့ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဈေးအရောင်းဆိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (မြင်းခြံ)