ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်‌ကျေးမှုဝန်ကြီးဌာန၊ သာသနာ‌ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ အောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း ပါဠိပထမပြန်စာမေးပွဲကို အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်တို့အား စာအောင်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ၁နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အောင်ဗောဓိဆုတောင်းပြည့်စေတီတော်ရှိ သာသနသောဘိဏီ (ထက်လင်းသိမ်တော်ကြီး)၌  ကျင်းပသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဦးဆောင်နာယက မြို့နယ်သံဃနာယက (သုဓမ္မာ) ဥက္ကဋ္ဌ ဆရာတော်က ဩဝါဒကထာချီးမြှင့်ရာ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် တာဝန်ရှိသူတို့က အောင်မြင်တော်မူသည့် သံဃာတော်၊ သာမဏေ၊ သီလရှင် (၁၇၃) ပါးတို့အား အောင်လက်မှတ်နှင့် ဝတ္ထုငွေတို့ကို အသီသီး ဆက်ကပ်လှုဒါန်းကြပြီး ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရတိဋ္ဌတု”  သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို  အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

နေမျိုးအောင်(ဒဂုံတောင်)