ပွင့်ဖြူ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၂၈၁၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းမှာ တစ်ဧက ၉၀ ဒသမ ၈၉ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် နိုဝင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၃၂၈၁၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၉၀ ဒသမ ၈၉ တင်း ထွက်ရှိကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စပါး ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ဒေသခံတောင်သူတွေက လှိုင်လှိုင်ရိတ်သိမ်းနေကြပါတယ်။ ဒီနေ့ထိ စပါး ၃၂၈၁၁ ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ စပါးအထွက်နှုန်းက တစ်ဧကို ၉၀ ဒသမ ၈၉ တင်း ထွက်ရှိပါတယ်။ စပါးစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ ပတ်သက်ပြီး အထွက်နှုန်းတွေ မလျော့အောင်၊ အရည်အသွေးကောင်းအောင် အချိန်မီ ရိတ်သိမ်းခြွေလှေ့ကြဖို့၊ ရိတ်သိမ်းပြီးတဲ့ စပါးများကိုလည်း အမိုးအကာအောက်သို့ အချိန်မီ စနစ်တကျသိုလှောင်ထိန်းသိမ်းကြဖို့ တောင်သူကို ကွင်းဆင်းအသိပညာပေးတာတွေ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါးစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်ရေး အသိပညာပေးခြင်း၊ သီးနှံများ ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်းပြီးစပါးများ အမိုးအကောက်အောက် အချိန်မီရောက်ရှိရေး စသည့် အသိပညာပေးလုပ်ငန်းများကို စနစ်တကျ သိရှိလိုက်နာနိုင်အောင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)