ရွှေဘို ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေရောဂါကုဆေးရုံကြီးတို့မှ ဦးစီး၍ သူနာပြုသင်တန်းကျောင်းတွင် သူနာပြုကျောင်းသား/ သူများအား သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့လည် (၂) နာရီအချိန်က ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ သူနာပြုကျောင်းသား/ သူများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ လူနာများအပေါ် စေတနာ၊ မေတ္တာ၊ ဂရုဏာများထားပြီး ဆောင်ရွက်နိုင်စေရန် Virtual Zoom ဖြင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေဘိုမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သူနာပြုအုပ် ဒေါ်သန်းသန်းလှက သစ်လွင်သူနာပြု ဆရာ/ ဆရာမများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခြင်း၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက ကျောင်းသား/ သူများအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သူနာပြုကျောင်းသား/ သူများအား သစ်လွင်သူနာပြုခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/ သူများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ (၄) နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေဘို(ခရိုင်/ပြန်ဆက်)