ဟင်္သာတ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးဆိုင်ရာအကြောင်းအရာများ၊ စာသုံးသူများ အနေဖြင့် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ဥပဒေပုဒ်မများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ AI For Consumer ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ AI အနေဖြင့် အွန်လိုင်း ငွေကြေးအလိမ်အညာများစွာ ပေါ်ပေါက်လာခြင်းများ၊ AI ဖြင့် မိမိရုပ်ပုံ Video များကို ပြုလုပ်၍ လိမ်ညာခြင်းများပြုလုပ်လာခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် ပါမောက္ခ၊ ဌာနမှူးများ သင်ကြားရေးဆရာ၊ ဆရာမများ ကျောင်းသား/ သူ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်(ဟင်္သာတ)