ငပုတော ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သံဃာဆောင်) ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း School based (TB-ACF) အကြောင်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငပုတောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာ သန့်ဇော်မြင့်က မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီအဖြစ် အများဆုံးနိုင်ငံ (၃၀) တွင် ပါဝင်လျက်ရှိရာ တီဘီရောဂါသည် မြန်မာနိုင်ငံ၏အဓိက ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်လည်း ရပ်တည်လျက်ရှိနေပါကြောင်းနှင့်ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့ဖွဲ့စည်းခြင်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေရေး လုပ်ငန်းအကြိမ်ရေသတ်မှတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ အသိပေးဆွေးနွေးခြင်း၊အကောင်အထည်ဖော်မည့် ကျောင်းနေရာသို့ ကြိုတင်သွားရောက်လေ့လာခြင်း၊ တီဘီရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် တီဘီရောဂါသံသယလက္ခာများရှိပါက လူနာညွန်းပို့ပုံစံ (Referral Form) အသုံးပြု၍ သက်ဆိုင်ရာ တီဘီတိုက်ဖျက်ရေးဌာနသို့ ညွန်းပို့ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာ သန့်ဇော်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)