ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပြည် ဒီဇင်ဘာ ၂၄

ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ဦးစွာ ယင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာယုဇနက  ဟောပြောပွဲနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားသည်။

ထို့နောက် ဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းခွဲ အလုပ်အမှုဆောင် ဦးအောင်သန်းဦး(ဥပဒေအရာရှိ-ငြိမ်း)က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းခွဲ၊ ဥက္ကဋ္ဌ ဦးရဲထွဋ်(ဥပဒေအရာရှိ-ငြိမ်း)က "မူးယစ်ဆေးဝါး၏ ကြောက်စရာကောင်းသောဘေးအန္တရာယ်နှင့် ပြည်သူ့နီတိ" ခေါင်းစဉ်ဖြင့်  မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများအပါအဝင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပြည်သူ့နီတိအကြောင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲကို ကျောင်းသားလူငယ်မောင်မယ်များ မူးယစ်ကင်းစင်ပြီး ဘက်စုံအသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ‌စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)