ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြောက်ကုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းကုသဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။              

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြောက်ကုန်းရပ်ကွက်ရှိ မြို့ခင်းသာတောင်ကျောင်း၊ ဘုရားကြီးမြောက်ကျောင်းနှင့် တပ်ဦးကျောင်းတိုက်ရှိ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များနှင့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၄)ဦးအား သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး/ဆီးချိုရောဂါများစစ်ဆေးပေးခြင်းများ ဆောင်ရွက်ကာ နှာစေးချောင်းဆိုးပျောက်ဆေး၊ သွေးတိုး/ဆီးချိုကျဆေးနှင့် အားဆေးများကို အခမဲ့ဖြန့်ဝေပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အတူ ဂန့်ဂေါမြို့ပေါ်ရှိ စည်ပင်သာယာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ကျောတိုက်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဆိုင်ရာ ရောဂါများစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)