ပွင့်ဖြူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်အတူ မြို့တွင်း၌ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းမီးတိုင်များတွင် သဘာဝဘေးဒဏ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကို စနစ်တကျဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသော ဓာတ်အားလိုင်းကြိုးများအား ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲသန့်ရှင်းသာယာလှပစေရန်အတွက် ယခုကဲ့သို့ မြို့တွင်းရှိ ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်မီးသီးများအသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောကြားသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)