ပခုက္ကူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က (၇၇)မြောက်လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များ၊ အများပြည်သူသွားလာလှုပ်ရှားသည့် (Public Area) နေရာများ၌ နိုင်ငံတော်အလံလွှင့်ထူခြင်း၊ ရောင်စုံမီးအလှဆင်ထွန်းညှိခြင်းများ ဆောင်ရွက်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက် ခရိုင်နှင့်မြို့နယ်အဆင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားကျင်းပမည့်အစီအစဉ်များ၊ လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် ဆုချီးမြှင့်ရေးအစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)