အထက်မင်းလှ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆိတ်နှင့် ဒေသကြက်တိုးချဲ့မွေးမြူနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၂)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဒေသကြက်များကို တိုးချဲ့မွေးမြူကြရန်၊ တိုးချဲ့မွေးမြူလိုသူများရှိပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေမှ သတ်မှတ်စည်းကမ်းချက်များနှင့်ညီပါက လျှောက်ယူနိုင်ပါကြောင်း၊ တိရစ္ဆာန်အမျိုးအစားအလိုက် သက်ဆိုင်ရာကာကွယ်ဆေးများကို ထိုးနှံစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သရက်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်က တောင်သူများ မွေးမြူထားသော ဒေသနွားမများကို မေထုန်မဲ့သားစပ်ခြင်းဖြင့် မျိုးမြှင့်တင်ဆောင်ရွက်နိုင်ရန် သတ်မှတ်ကာကွယ်ဆေးများကို အပြည့်ထိုးနှံကြရန်၊ ဒေသကြက်တွဲဖက်မွေးမြူကြရန်၊ ဒေသကြက်မွေးမြူခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိစေမည့် နည်းလမ်းများနှင့် ဒေသတွင်း အသား၊ ဥ ထုတ်လုပ်မှုဖူလုံမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်က ဆောင်းရာသီတွင် ဆိတ်များ၌ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း၊ ဒေသကြက်များကို တပိုင်တနိုင်မွေးမြူခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)