မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင် မောင်ဦးက ဌာနဆိုင်ရာ အကြီးအကဲများအား စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အဓိကဖြစ်သော စက်မှုလယ်ယာစနစ်ကျ လယ်မြေအတွက် စိုက်ပျိုးရေး အလေးထားဆောင်ရွက်ရန်၊ MSME လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ အလိုက် တိုးတက်အောင်မြင်အောင် ကူညီဆောင်ရွက်ရန်၊ ကုန်စျေးနှုန်းကျဆင်းရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ ပညာရေးနှင့်ပက်သတ်၍ အောင်ချက်မြင့်မားရေး၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဗုဒ္ဓပုဇနိယပွဲတော်နှင့် (၄၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆက်လက်ပုံမှန်ဆောင်ရွက်ရန် အခက်အခဲများရှိပါက ပြန်လည်တင်ပြရန် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် စသည့်တို့ကို ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရဲကိုမောင်(ပြန်/ဆက်)