တောင်ငူ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သင်တန်း(၁၆)ခုဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်ရည်ရွည်၍ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုတွင်ဖွင့်လှစ်ခဲ့တဲ့ အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် အုတ်တွင်းမြို့နယ်ဥယျာဥ်တော်ကျေးရွာအုပ်စုမှာ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်နိုင်စေရန် သင်တန်းဆင်းသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ထားသည့် သင်တန်းသူ(၁၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သင်တန်းဆင်းသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ထားသည့် သင်တန်းသူ(၁၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ကိုကို (တောင်ငူ)