မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကွယ်လွယ်ကျေးရွာများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထို့သို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှား‌ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)