ကန့်ဘလူ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တွင် (၁၅၀၉၅၉) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါး (၃၄၇၃၀)ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၂၄၃၄၁၉၄ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စပါးထုတ်လုပ်မှု တိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတု ရေမြေဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်းမျိုးများ၊ အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ သဘာဝဓာတ်မြေဩဇာများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်စေရေး၊ ပိုးမွှားရောဂါကျရောက်မှုကာကွယ်ရေး၊ သီးနှံပျက်စီးဆုံးရှုံးမှုမရှိရေး၊ ရိတ်သိမ်းပြီးစပါးများ အမိုးအကာအောက် အချိန်မီရောက်ရှိရေး အသိပညာပေးဆောင်ရွက်ခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း မိုးစပါးများကို ယမန်နှစ် ဇွန်၊ ဇူလိုင်လက စတင်စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလကုန်၌ မိုးစပါး (၁၅၀၉၅၉) ဧက စိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ မိုးစပါး (၃၄၇၃၀) ဧက ပြန်လည်ရိတ်သိမ်းပြီးစီး၍ တစ်ဧကပျမ်းမျှ ၇၀ ဒသမ ၀၉ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။
ဒေသခံတောင်သူလယ်သမားများသည် မိုးစပါးမျိုးများဖြစ်သည့် မနောသုခ၊ အေးချမ်းမေ၊ ရွှေသွယ်ရင် ၊ ပေါ်ဆန်းရင်၊ ဆင်းသုခနှင့် ဧရာမင်းမျိုးများကို စိုက်ပျိုးကြပြီး ရောင်းချရန်လွယ်ကူပြီး ဒေသခံများ အများဆုံးကြိုက်နှစ်သက်သည့် ဧရာမင်းကို အများဆံးစိုက်ပျိုးကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)