နတ်မောက် ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အခြေခံပညာရေးကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ (၇၇)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေး တန်ဖိုးထားတတ်စေရန်နှင့် လွတ်လပ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိ၍ နှစ်စဉ်လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက်မှ ပူးပေါင်းဆောင်ရွက်သွားကြရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အခမ်းအနားပြင်ဆင်ရေး၊ ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ သတင်းထုတ်ပြန်ရေး၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးချပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း