အထက်မင်းလှ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး သရက်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်က မြစိမ်းရောင်(အသားကဏ္ဍ) ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ ကျင်းပခဲ့ရာ စမ်းအိုင်ကျေးရွာမှ မြစိမ်းရောင်အသင်းဝင်တစ်ဦးလျှင် ဒေသနွားတစ်ကောင် မွေးမြူရန် ကျပ် (၆) သိန်းနှုန်းဖြင့် စုစုပေါင်းနွား (၇၆) ကောင် အတွက်မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ် (၄၅၆) သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီအဖွဲ့ဝင်များထံ ပေးအပ်ခဲ့သည်။
အဆိုပါမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသနွားတိုးတက်မွေးမြူရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)