ကန့်ဘလူမြို့နယ်၌ စက်မှုလယ်ယာသုံး စပါးခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်း

ကန့်ဘလူ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  မိုးစပါး ဧရာမင်းစံကွက်ရိတ်သိမ်းပွဲကို ဆင်သေကွင်း၊ ကွင်းအမှတ် ၅၆၇  တောင်သူ ဒေါ်ကျော့ကေခိုင်၏ လယ်ယာမြေ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက  စက်မှုလယ်ယာသုံး စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ကြပြီး စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးပျမ်းမျှအထွက်နှုန်း အစို ၉၂ တင်း၊ အခြောက် ၈၄  တင်းထွက်ရှိကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှု ပြဿနာ၊ မိုးရွာသွန်းမှုကြောင့် စပါးအချိန်မီ မရိတ်သိမ်းနိုင်သည့် အခက်အခဲများမှကင်းဝေးပြီး ရိတ်သိမ်းစဥ် လေလွင့်ဆုံးရှုံးမှုများ သက်သာစေခြင်း၊ အချိန်တိုအတွင်း ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ လယ်ယာမြေပျက်စီးမှုမရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တောင်သူများအားပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၅၀၉၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၈၄၀၁ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 အောင်ဝင်းငြိမ်း(ကန့်ဘလူ)